အသည်းအဆီဖုံးနေသူတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ
အသည်းက စားလိုက် သောက်လိုက်သမျှကို ချေဖျက်ရသလို ရှူရှိုက်သမျှကိုလည်း သွေးထဲကနေ သန့်စင်ပေးရပါသေးတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ ရှိတဲ့အခါ အသည်းမှာ အဆီတွေက တဖြည်းဖြည်း စုလာပြီး နောက်ပိုင်းမှာ အသည်းအဆီဖုံးတာကို ဖြစ်လာစေပါတယ်။ အသည်းအဆီဖုံးတာက အသည်းရောဂါ တစ်မျိုးဖြစ်ပြီး လူတော်တော်များများက အသည်းအဆီဖုံးတာဟာ အရက်သောက်တာကြောင့်လို့ ယူဆနေကြပါတယ်။
တကယ်ကတော့ အရက် လုံးဝ မသောက်ပေမယ့်လည်း ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံကြောင့်လည်း အသည်း အဆီဖုံးနိုင်ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်တာ လုပ်ဆောင်တာက အသည်းအဆီဖုံးတာကို သက်သာစေနိုင်တယ်ဆိုတာပါ။ ဒီလိုဆိုရင် အသည်းအဆီဖုံးနေတဲ့သူတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံက ဘာများဖြစ်မလဲဆိုတာကို စာလေးဆုံးအောင်ဖတ်ရင်း လေ့လာလိုက်ပါဦး။
အသည်းအဆီဖုံးပေမယ့်လည်း ကျန်းမာစေဖို့
အသည်းအဆီဖုံးပေမယ့်လည်း ကျန်းမာစေဖို့ဆိုရင်
အိမ်ချက် အစားအစာတွေကိုပဲ စားပါ - အပြင်စာတွေ စားသောက်ဆိုင်က စားစရာတွေထဲမှာ အငန်ဓာတ်တွေ ကသလို အချိုမှုန့်တွေလည်း ပါဝင်နေပါတယ်။ အဆီတွေဆိုတာကလည်း မနည်းမနေ ပါဝင်နေတာပါ။ ဒါတွေက အသည်းအဆီဖုံးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆီဆား သင့်တင့်ရုံထည့်ပြီး ချက်ထားတဲ့ အိမ်ချက် အစားအစာတွေကို စားပေးပါ။
အဆီနည်းတဲ့ ပရိုတင်း အရင်းအမြစ်ကို ရွေးချယ်ပါ - အသည်းကျန်းမာရေး အခြေအနေကို လိုက်ပြီး ပရိုတင်း စားသုံးနိုင်မယ့် ပမာဏက ကွာခြားမှု ရှိနိုင်ပါတယ်။ ပရိုတင်း အရင်းအမြစ် ဆိုရာမှာ ကြက်သား၊ ဆယ်လ်မွန်၊ ပဲစတာတွေကနေ ရရှိနိုင်ပြီး အနီရောင် အသားတွေအစား အပေါ်မှာ ပြောခဲ့တဲ့ အရင်းအမြစ်တွေကို ရွေးချယ်ဖို့ လိုပါမယ်။
သကြားလျှော့စားပါ - အချိုရည်တွေ၊ အသင့်ဖျော် ကော်ဖီ နဲ့ လက်ဖက်ရည်တွေမှာ အချိုပါဝင်မှုက အတော်လေး များပါတယ်။ ဒီလို အချိုများတာက အသည်းအဆီဖုံးတာကို ပိုဆိုးစေနိုင်တာကြောင့် အသည်းအဆီဖုံးနေတယ်ဆိုရင် သကြား လျှော့စားပါ။
အစားကို နည်းနည်းချင်းစီ စားပါ - အစားစားတဲ့အခါ တစ်ခါတည်းနဲ့ တဝ စားလိုက်တာမျိုး မလုပ်ပါနဲ့။ နည်းနည်းချင်းစီနဲ့ အကြိမ်များများ ခွဲစားပေးတာက အသည်းကို ချေဖျက်ရ ခက်တာမျိုး မဖြစ်စေဘဲ အသည်းအဆီဖုံးတာကိုလည်း သက်သာစေမှာပါ။
လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ - လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ဝိတ်ကျစေသလို အသည်းအဆီဖုံးတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းအနေနဲ့ လမ်းပုံမှန် လျှောက်ပေးတာကလည်း နည်းလမ်းကောင်းပါပဲ။
အိပ်ရေးဝဝ အိပ်ပါ - အိပ်ရေးမဝတာက အစားပိုစားစေပြီး အဝလွန်စေပါတယ်။ အသည်းကိုလည်း ဝန်ပိစေပါတယ်။ ဒါကြောင့် အစားတွေ အများကြီး စားမိပြီး အသည်းထိခိုက်တာမျိုး မဖြစ်စေဖို့ ညစဉ် အိပ်ရေးဝဝ အိပ်ပါ။
ကျန်းမာရေးပုံမှန် စစ်ဆေးပါ - အသည်းအဆီဖုံးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေး ပုံမှန် စစ်ဆေးမှု လုပ်ဆောင်ဖို့ လိုသလို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း လိုက်နာနေထိုင်ဖို့လည်း လိုအပ်ပါတယ်။
အရက်ဖြတ်ပါ - ဒါကတော့ ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီး ဖြစ်မှာပါ။ အသည်းအဆီဖုံးနေချိန်မှာ အရက်ကိူ တစ်စက်လေးတောင် မသောက်တော့ဖို့ လိုပါမယ်။
အသည်းအဆီဖုံးတဲ့သူတွေအနေနဲ့ ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ လိုက်နာရမယ့် နည်းလမ်းလေးတွေကို သိလောက်ပြီထင်ပါတယ်။
မွန်မွန်